Saturday, March 22, 2014

International Holocaust Remembrance Day အကြောင်းနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူများ




 မြန်မာနိုင်ငံက LGBT တွေ အများစု သိလေ့ရှိတဲ့ IDAHO (International Day Against Homophobia), tdoR (Transgender Day of Remembrance) လို နေ့တွေအပြင် LGBT တွေနဲ့ ပတ်သက်ပြီး နောက်ထပ် သိထားသင့် သိထားထိုက်တဲ့ နေ့တစ်နေ့အကြောင်းကိုလည်း တင်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီနေ့ကတော့ International Holocaust Remembrance Day ပဲ ဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီနေ့ကို LGBT သိထားသင့်လဲ ဆိုတော့ လူသားသမိုင်းရဲ့ အဆိုးဝါးဆုံး လူသားမဆန် အရက်စက်ဆုံး အဖြစ်အပျက်ကြီးတစ်ခုမှာ အပြစ်ကင်းစွာ အကြောင်းမဲ့ စတေးခံခဲ့ကြရတဲ့ LGBT တွေနဲ့ သက်ဆိုင်နေလို့ပဲ ဖြစ်ပါတယ်။ 

Holocaust ဆိုတာ…
           Holocaust ဆိုတာ ဂရိဘာသာစကားဖြစ်တဲ့ ὁλόκαυστος holókaustos ကနေ ဆင်းသက်လာတဲ့ စကား ဖြစ်ပါတယ်။ hólos, “အကုန်လုံး”  kaustós, "မီးလောင်တိုက်သွင်းခြင်း” လို့ အဓိပ္ပါယ်ရပါတယ်။ Holocaust ကို ဟီဘရူးဘာသာစကားနဲ့ဆိုရင် השואה,HaShoah  လို့လည်း လူသိများပါတယ်။ အဓိပ္ပါယ်ကတော့ ကပ်ဆိုးကြီး ဆိုက်ရောက်ခြင်း ဖြစ်ပါတယ်။ ကပ်ဆိုးကျရောက်ခြင်း၊ မီးလောင်တိုက် သွင်းခံရခြင်းဆိုတဲ့ Holocaust ဝေါဟာရလိုပဲ ဒုတိယကမ္ဘာစစ်ကာလအတွင်း လူသန်းပေါင်းများစွာ နာဇီဂျာမနီတွေရဲ့ အထူးအကျဉ်းစခန်းတွေအောက်မှာ လူ့ဂုဏ်သိက္ခာမဲ့စွာနဲ့ အသက်သေဆုံးခဲ့ကြရပါတယ်။ ပရိဒေဝ သောကမီးတွေ တောက်လောက်ခဲ့ကြရပါတယ်။ ဒေါသမီးတွေနဲ့ ကျိန်စာတွေ လွင့်ပျံ့ခဲ့ကြရပါတယ်။ 

နာဇီဂျာမနီတွေရဲ့ ရက်စက်မှုများ…
           ဒီ Holocaust ဆိုတဲ့ စကားလုံးကို ကြားလိုက်တာနဲ့ နားထောင်နေသူအဖို့ ဦးနှောက်ထဲကနေ အလွယ်တကူ သိလိုက်မှာကတော့ ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီဂျာမနီတွေရဲ့ လက်ချက်နဲ့ ဂျူးလူမျိုး ခြောက်သန်းလောက် အစုလိုက် အပြုံလိုက် လူမျိုးတုံး သတ်ဖြတ်ခံခဲ့ရတဲ့ အဖြစ်အပျက်တွေကိုပဲ မြင်ယောင်လာမိမှာ ဖြစ်ပါတယ်။ 

အဲဒီတုန်းက နာဇီဂျာမနီတွေဟာ ဂျာမနီနိုင်ငံနဲ့ သူ စစ်နိုင်ခဲ့တဲ့နိုင်ငံတွေက ဒေသတွေမှာ အထူးသီးသန့် အကျဉ်းစခန်းကြီးတွေကို တည်ဆောက်ပြီး လူမျိုးသန့်စစ်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ လူမျိုးသန့်စင်ရေး လုပ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တည်ဆောက်ခဲ့တဲ့ အကျဉ်းစခန်းတွေထဲမှာ ကလေးလူကြီး၊ သက်ကြီးရွယ်အိုတွေပါမကျန် ဂျူးလူမျိုးတွေ၊ ရိုမေးနီးယန်းတွေကို ဖမ်းဆီးထိန်းသိမ်းထားခဲ့ပါတယ်။ အဆိုပါ ဂျူးတွေ၊ ရိုမေးနီးယန်းတွေအပြင် ကာယဥာဏအားဖြင့် တစ်စုံတရာ နိမ့်ပါးပြီး တခြားသာမန်လူတွေလိုမျိုး မသန်စွမ်းသူတွေ၊ အခြေမဲ့အနေမဲ့ လေလွင့်ပြီး နေထိုင်ကြတဲ့ ဂျင်ပစီတွေ၊ လိင်စိတ်ခံယူမှု ကွဲပြားတဲ့ LGBT တွေဟာလည်း အဆိုပါ သီးသန့် အကျဉ်းစခန်းတွေကို ပို့ဆောင်ပြီး ထိန်းသိမ်းခံခဲ့ကြရပါတယ်။ 

           ထိုစဉ်က နာဇီဂျာမနီတွေဟာ LGBT တွေ၊ ဂျူးတွေ၊ ရိုမေးနီးယန်းတွေ၊ မသန်စွမ်းသူတွေကို လူ့အဖွဲ့အစည်းရဲ့ အမှိုက်တစ်ခုသဖွယ် ရှင်းပစ်ရမယ့် သူတွေအဖြစ် သတ်မှတ်ခဲ့ကြပြီး အထူးသီးသန့် ပြုလုပ်ထားတဲ့ ကွပ်မျက်ရေး စခန်းတွေမှာ အဆိပ်ဓါတ်ငွေ့တွေ လွှတ်ပြီး သတ်ပစ်ခဲ့ကြပါတယ်။ လူတွေကို တစ်ချိန်တည်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်နိုင်ဖို့ဆိုပြီး အဆိပ်ဓါတ်ငွေ့လွှတ် ကိရိယာတွေ၊ ပြွန်တွေ တပ်ဆင်ထားတဲ့ အထူးကွပ်မျက်ရေး စခန်းတွေကို AuschwitzBelzecChełmnoJasenovacMajdanekMaly TrostenetsSobibor နဲ့ Treblinka မြို့တွေမှာ တည်ဆောက်ခဲ့ပါတယ်။

http://miapaeshombre.weebly.com/uploads/1/8/7/6/18763296/8659407.jpg?429

            တစ်ချို့တွေကတော့ ဓါတ်ခွဲခန်းထဲက အစမ်းသပ်ခံ တိရစ္ဆာန်လေးများသဖွယ် ဆေးဝါးသုတေသန လုပ်ငန်းတွေမှာ အစမ်းသပ်ခံ လူသားများအနေဖြင့် လူ့ဂုဏ်သိက္ခာမဲ့စွာ ပြုမူဆက်ဆံခံခဲ့ကြရပါတယ်။ တစ်ချို့တွေကတော့ ဆိုးရွားလှတဲ့ အလုပ်ကြမ်း စခန်းတွေဆီကို ပို့ဆောင်ခံခဲ့ကြရပြီး ဆိုးဝါးနိမ့်ကျလှတဲ့ ကျန်းမာရေး စောင့်ရှောက်မှု၊ ပြုမူဆက်ဆံမှုများအောက်မှာ အလုပ်ကြမ်းတွေလုပ်ဖို့ ခိုင်းစေခံခဲ့ကြရပါတယ်။ 

           အဆိုပါ ဆေးဖက်ဆိုင်ရာ စမ်းသပ်မှုတွေကို ပြုလုပ်ခဲ့ကြတဲ့ ပုဂ္ဂိုလ်တွေအနက် အထင်ရှားဆုံး ပုဂ္ဂိုလ်ကတော့ အော့ဇ်ဝှစ် (Auschwitz) အကျဉ်းစခန်းက ဒေါက်တာ Josef Mengele ပဲ ဖြစ်ပါတယ်။ သူဟာ လေစုပ်ပြွန်လို အခန်းတွေထဲမှာ လူတွေကို ထည့်သွင်းပြီး စမ်းသပ်တာမျိုး၊ လူတွေရဲ့ ခန္ဓာကိုယ်ထဲကို စမ်းသပ်ဆဲ ဆေးဝါးတွေ ထိုးသွင်းပြီး စမ်းသပ်တာမျိုး၊ လူတွေကို အေးခဲအောင် လုပ်ပြီး စမ်းသပ်တာမျိုး၊ ကလေးတွေရဲ့ မျက်လုံးထဲ ဓါတုဆေးတွေကို ထိုးသွင်းပြီး မျက်လုံးအရောင်ကို ပြောင်းလဲလာအောင် စမ်းသပ်တာမျိုးနဲ့ ခန္ဓာကိုယ် ခွဲစိတ်ဖြတ်တောက်မှုအမျိုးမျိုးကို ပြုလုပ်ခဲ့ပါတယ်။ 

           ဒေါက်တာ Josef Mengele ဟာ အဲဒီလို စမ်းသပ်မှု အမျိုးမျိုးတွေကို ပြုလုပ်ပြီးတဲ့နောက် ရရှိလာတဲ့ အချက်အလက်တွေကို မှတ်တမ်းပြုစုပြီး အဆိုပါ မှတ်တမ်းတွေကို Kaiser Wilhelm အင်စတီကျုမှာရှိတဲ့ ဒေါက်တာ Otmar von Verschuer ဆီ ပေးပို့ပါတယ်။ အဆိုပါ မှတ်တမ်းတွေဟာ ကုန်တင်ကားတစ်စီးတိုက်စာ ရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်သောအခါ နာဇီတွေ စစ်ရှုံးလို့ အခြေအနေတွေ မလှတော့တဲ့ အခါမှာတော့ ဒေါက်တာ Otmar von Verschuer ဟာ အဆိုပါ မှတ်တမ်းတွေကို ဖျက်ဆီးပစ်လိုက်တဲ့အတွက် အဆိုပါ စမ်းသပ်မှုတွေနဲ့ ပတ်သက်ပြီး အသေးစိပ်ကို လူတွေ မသိလိုက်ရပါဘူး။ စမ်းသပ်မှုကနေ အကြောင်းအမျိုးမျိုးနဲ့ လွတ်မြောက်လာခဲ့တဲ့ သူတွေဟာလည်း လက်စတုံး ဖျောက်ဖျက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။ 

           ဒေါက်တာ Josef Mengele ရဲ့ လုပ်ရပ်နဲ့ ပတ်သက်လို့ ထိုစဉ်က မျက်မြင်ကြုံခဲ့သူ ဂျူးလူမျိုး အကျဉ်းသားတစ်ဦးရဲ့ ပြောကြားကို အောက်ပါအတိုင်း တွေ့ရပါတယ်။ သူ့နာမည်ကတော့ Vera Alexander ဖြစ်ပါတယ်။
“အဲဒီတုန်းက ကလေးအမွှာလေး တစ်စုံကို မှတ်မိနေသေးတယ်ဗျ။ သူတို့နာမည်က Guido နဲ့ Ina လို့ ခေါ်ကြတယ်။ သူတို့အသက်က လေးနှစ်လောက်ပဲ ရှိသေးတယ်။ တစ်နေ့မှာ ဒေါက်တာ Josef Mengele ကရောက်လာပြီး ကလေးတွေကို အဝေးကြီးကို ခေါ်သွားတယ်။ ပြန်လာတော့ ကလေးတွေကို မြင်ရတာ လန့်သွားတာပဲ။ ဘာလို့လဲဆိုတော့ ကလေး နှစ်ယောက်ကို ကျောချင်းကပ်ဖြစ်အောင် ချုပ်ထားတယ်။ ထိုင်းက ကိုယ်ချင်းဆက် အမွှာလိုမျိုးပေါ့။ နောက်တော့ ဆက်ထားတဲ့ နေရာမှာ ပိုးဝင်လာပါလေရော။ ကလေးတွေဟာ ဝေဒနာတွေကို ခံစားရတာ နေ့ရော ညရော အော်လို့ပေါ့ဗျာ။ နောက်တော့လည်း ကလေးတွေရဲ့ အမေဖြစ်သူက သူ့နာမည်ကို ကျနော် မှတ်မိနေသေးတယ်။ Stella လို့ ခေါ်တယ်။ ဝေဒနာတွေကို ခံစားနေရတာ မကြည့်ရက်လို့ဆိုပြီး မော်ဖင်းထိုးပြီး ကလေးတွေကို သတ်ပစ်လိုက်တယ်”
(The World Must Know: The History of the Holocaust as Told in the United States Holocaust Memorial Museum)

           နာဇီဂျာမနီတွေရဲ့ ဆိုးဝါးလှတဲ့ သတ်ဖြတ်မှုတွေကြောင့် ဂျူးလူမျိုး ခြောက်သန်း (ကလေး တစ်သန်း၊ မိန်းမ နှစ်သန်း၊ ယောက်ျား သုံးသန်း) လောက်အထိ သေဆုံးခဲ့ရပါတယ်။ အလားတူပဲ ဂျင်ပစီလူမျိုး နှစ်သန်း၊ ရိုမေးနီးယန်း နှစ်သိန်းကနေ တစ်သန်းခွဲခန့်အထိ သေဆုံးခဲ့ကြရတယ်လို့ ဆိုပါတယ်။ ၎င်းအပြင် ဆန့်ကျင်ဖက် အမြင်ရှိတဲ့ နိုင်ငံရေးသမားတွေ၊ ပိုလန်လူမျိုးတွေ၊ ဆိုဗီယက် အကျဉ်းသားတွေ၊ မသန်မစွမ်းသူတွေ အပါအဝင် လူသန်းပေါင်းများစွာဟာ ဒီဆိုးဝါးလှတဲ့ အခြေအနေအောက်မှာ သေဆုံးခဲ့ကြရပါတယ်။ ၁၉၉၁ ဆိုဗီယက် ယူနီယံ ပြိုကွဲပြီးတဲ့နောက် ရရှိတဲ့ အချက်အလက်တွေအရ အရပ်သား တဆယ့်တသန်းလောက်ကို နာဇီဂျာမနီတွေဟာ တမင်တကာ ရည်ရွယ်ချက်ရှိရှိ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။

          အဲဒီတုန်းက လိင်စိတ်ခံယူမှု ကွဲပြားတဲ့ LGBT တွေဟာလည်း အခြားသူတွေနည်းတူ အဲဒီလို လူသားမဆန်လှတဲ့ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ၊ ဆေးဝါးသုတေသန စမ်းသပ်မှုတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။ အလုပ်ကြမ်း စခန်းတွေမှာလည်း ရောဂါဗရပွနဲ့ အာဟာရ ပြတ်လပ်ပြီး အလုပ်စေခိုင်းခံရတာတွေနဲ့ ရင်ဆိုင်ခဲ့ကြရပါတယ်။

နာဇီဂျာမနီလက်ထက်က LGBT များ…
           ၁၉၀၀ ခုနှစ်ကနေ ၁၉၃၀ နှစ်များ ကာလလောက်အထိတော့ ဂျာမနီနိုင်ငံဟာ LGBT တွေနဲ့ ပတ်သက်ပြီး အတော်အတန် ကောင်းမွန်တဲ့ အခြေအနေတစ်ခုအောက်မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဒီအခြေအနေတွေဟာ ၁၉၃၃ ခုနှစ် နာဇီပါတီ တက်လာတဲ့အခါမှာတော့ ဆိုးဝါးတဲ့ အခြေအနေတစ်ရပ်ဆီ ရောက်သွားခဲ့ရပါတယ်။ 

           နာဇီတွေက LGBT တွေကို ပျော့ညံ့ပြီး တိုင်းပြည်အတွက် အားကိုးလို့ မရတဲ့သူတွေ၊ မဟာအာရိယန် အနွယ်ဖြစ်တဲ့ ဂျာမနီလူမျိုးတွေအတွက် အရှက်ရစရာ၊ လက်ညှိုးထိုးစရာ လူတွေအဖြစ် ရှုမြင်ခဲ့ပါတယ်။ ဒါကြောင့် မဟာအာရိယန်တွေဖြစ်တဲ့ ဂျာမနီလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ LGBT တွေကို လူ့အဖွဲ့အစည်းထဲကနေ သုတ်သင် ဖယ်ရှားပစ်ရမယ်လို့ ခံယူခဲ့ပါတယ်။ 

           နာဇီတွေလက်ထက်မှာ ယောက်ျားချင်း လိင်တူဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး အပြစ်ပေး အရေးယူနိုင်တဲ့ ဥပဒေပုဒ်မ ၁၇၅ ကို ၁၉၃၅ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့ပါတယ်။ အဆိုပါ ဥပဒေအရ ဂေးတွေ၊ Transgender တွေဟာ အဖမ်းဆီးခံခဲ့ကြရပါတယ်။ နာဇီလက်ထက်မှာ လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေဖြစ်တဲ့ လိင်တူချင်း ဆက်ဆံသူ တစ်သိန်းလောက် ဖမ်းဆီးထိန်းသိမ်းခံခဲ့ကြရပြီး အဲဒီထဲကမှ ငါးထောင်ကနေ တစ်သောင်း ငါးထောင်လောက်ကတော့ အခြေအနေ ဆိုးဝါးလှတဲ့ အထူးအကျဉ်းစခန်းတွေဆီ ပို့ဆောင်ခံခဲ့ကြရပါတယ်။ နာဇီတွေ လက်ထက်မှာ ရဲတွေဟာ လိင်တူချင်း ဆက်ဆံတဲ့ ယောက်ျားတွေကို တရားစွဲဆိုစရာ မလိုပဲ ဖမ်းဆီးထိန်းသိမ်းခွင့်တွေ၊ အကျဉ်းထောင်တွေဆီ ပို့တာတွေကို ပြုလုပ်ခွင့် ရခဲ့ပါတယ်။  အကျဉ်းထောင်တွေမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ LGBT တွေကို တစ်ခြားအမျိုးအစား အကျဉ်းသားတွေနဲ့ အလွယ်တကူ ခွဲခြားသိရှိနိုင်ဖို့ ပန်းရောင်တြိဂံ သင်္ကေတကို အကျဉ်းသားတွေရဲ့ အဝတ်အစားတွေပေါ်မှာ တပ်ဆင်ပေးထားခဲ့ပါတယ်။ အကျဉ်းထောင်တွေမှာ LGBT တွေကို အစုလိုက် အပြုံလိုက် သုတ်သင်ပစ်တာ၊ အစာအငတ်ထားတာ၊ အလုပ်ကြမ်း စခန်းတွေဆီကို ပို့ဆောင်ပြီး အလုပ်ကြမ်းတွေကို လုပ်ခိုင်းစေခဲ့ပါတယ်။ 

           ဒီပန်းရောင်တြိဂံ သင်္ကေတ မတိုင်ခင် အရင်က သုံးစွဲခဲ့တဲ့ သင်္ကေတတွေလည်း ရှိခဲ့ပါတယ်။ အဲဒါကတော့ “A” အက္ခရာစာလုံးပဲ ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ “Ass Fucker” ဖြစ်ပါတယ်။ အတိုကောက် သုံးစွဲထားတာ ဖြစ်ပါတယ်။ နောက်ပိုင်း “A” အက္ခရာစာလုံးအစား “အပြာရောင်ဘားတန်း” သင်္ကေတလေးကို ပြောင်းလဲသုံးစွဲစေခဲ့ပါတယ်။ အဲဒီအမှတ်အသားတွေကို ရင်ဘတ်နဲ့ အင်္ကျီလက်ရှည်နေရာတွေမှာ တပ်ဆင်ထားရပါတယ်။ အဆိုပါ သင်္ကေတကို ပြောင်းလဲသုံးစွဲစေပြီးမှ နောက်ပိုင်း “အမဲရောင် အစက်နဲ့ ၁၇၅” ဆိုတဲ့ စာတမ်းကို ထပ်မံပြောင်းလဲ သုံးစွဲစေခိုင်းခဲ့ပါတယ်။ အဲဒီစာတမ်းကို အင်္ကျီလက်ရှည်ပေါ်မှာ ဒါမှမဟုတ် ဘယ်ဘက်ရင်ဘတ် တနေရာရာမှာ တပ်ဆင်စေခဲ့ပါတယ်။ နောက်ပိုင်းကျမှ ပန်းရောင်တြိဂံသင်္ကေတကို ပြောင်းလဲ သုံးစွဲစေခဲ့ပါတယ်။

http://i.dailymail.co.uk/i/pix/2013/11/02/article-2485251-1927FBE200000578-754_634x727.jpg

          ထူးခြားတာတစ်ခုတော့ ရှိပါတယ်။ အဲဒါကတော့ နာဇီတွေလက်ထက်မှာ လယ်စဘီယံတွေဟာ ဂေးတွေ၊ Trangender တွေလောက် ဆိုးဝါးတဲ့ အခြေအနေတွေနဲ့ မရင်ဆိုင်ခဲ့ရဘူးလို့ ဆိုနိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်တုန်းက ဂျာမနီနိုင်ငံဟာ လယ်စဘီယံတွေရဲ့ နေထိုင်ပုံတွေကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်ထားလို့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဩစတြီးယားနိုင်ငံမှာ တွေ့ရတဲ့ အထောက်အထားတွေအရ လယ်စဘီယံတွေကိုလည်း ဖမ်းဆီးထိန်းသိမ်းပြီး အကျဉ်းထောင်တွေကို ပို့ခဲ့တဲ့ အထောက်အထားတွေ ရှိတယ်လို့ လေ့လာသူတွေက ထောက်ပြထားပါတယ်။ တွေ့ရှိခဲ့တဲ့ အထောက်အထားတွေအရ အဆိုပါ အကျဉ်းစခန်းတွေမှာ ထိန်းသိမ်းခံခဲ့ကြရတဲ့ လယ်စဘီယံတွေကို တခြားအကျဉ်းသားတွေနဲ့ အလွယ်တကူ ခွဲခြားသိရှိနိုင်ဖို့ဆိုပြီး အစိမ်းရောင်တြိဂံ တံဆိပ်ကို သူတို့ရဲ့ အဝတ်အစားတွေမှာ တပ်ဆင်ပေးထားတယ်လို့ ဆိုပါတယ်။ ပြောရရင် ဂေးတွေ၊ Transgender တွေအတွက်ဆိုရင် ပန်းရောင်တြိဂံတံဆိပ်ကို သုံးပြီး လယ်စဘီယံတွေအတွက် ဆိုရင်တော့ အစိမ်းရောင် တြိဂံတံဆိပ်ကို သုံးတဲ့သဘောပေါ့။ 

          နာဇီတွေဟာ ဂေး (LGBT) ဖြစ်တာကို ကုစားလို့ ရနိုင်တယ်လို့ယူဆပြီး ထိန်းသိမ်းရေးစခန်းတွေမှာ ဆေးသုတေသန စမ်းသပ်မှုတွေကိုလည်း ပြုလုပ်ခဲ့ကြပါတယ်။ အဆိုပါ ဆေးသုတေသနဆိုင်ရာ စမ်းသပ်မှုတွေကြောင့် စမ်းသပ်ခံခဲ့ကြရတဲ့ LGBT တွေ အထူးသဖြင့် ဂေးတွေ၊ မိန်းမလျာလို့ ခေါ်တဲ့ Transgender တွေဟာ မကျန်းမမာတာ၊ စိတ်ဓါတ်ကျတာတွေနဲ့ ရင်ဆိုင်ရပြီး သေဆုံးကုန်ကျရပါတယ်။ တစ်ချို့တွေဟာဆိုရင် သိပ္ပံပညာအရ အဖြေထုတ်လို့ မရနိုင်တဲ့ အခြေအနေမျိုးတွေနဲ့ ကြုံတွေ့ခဲ့ကြရပါတယ်။  

          နာဇီတွေရဲ့ လူမဆန်စွာ ဖမ်းဆီးသတ်ဖြတ်မှုကို ခံခဲ့ကြရပေမယ့် LGBT တွေရဲ့ ဒီလိုအဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး ဘယ်သူတွေမှ တကူးတက ထုတ်ဖော်ပြောဆိုတာမျိုး မခံခဲ့ကြရပါဘူး။ ဒုတိယကမ္ဘာစစ်ကြီး ပြီးသွားပြီးတဲ့နောက် တခြားသူတွေ၊ ဂျူးလူမျိုး၊ ဂျင်ပစီ စတာတွေကို သက်ဆိုင်ရာ အကျဉ်းစခန်း အသီးသီးတွေကနေ ပြန်လည် လွှတ်ပေးခဲ့ပေမယ့်လည်း LGBT တွေကိုတော့ ပြန်လွှတ်ပေးတာမျိုး မရှိခဲ့ပါဘူး။ တချို့ လွှတ်ပေးခံရတဲ့သူတွေဟာလည်း နောက်ပိုင်းမှာ ထပ်မံဖမ်းဆီးတာမျိုးတွေကို ခံခဲ့ကြရပါသေးတယ်။

LGBT တွေဟာလည်း တခြားသူတွေနဲ့တန်းတူ နာဇီတွေရဲ့ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုကို ခံခဲ့ကြရပေမယ့် အဆိုပါ အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အသိအမှတ်ပြု ထုတ်ဖော်ပြောဆိုခံရဖို့ သမိုင်းမှာ ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုခံခဲ့ကြရပါတယ်။ ၂၀၁၀ နောက်ပိုင်း ကာလရောက်မှသာလျှင် နာဇီဂျာမနီတွေရဲ့ ဆိုးဝါးလှတဲ့ ပြုမူမှုအောက်မှာ LGBT တွေလည်း ခံခဲ့ကြရတယ်ဆိုတာကို ကုလသမဂ္ဂလို နိုင်ငံပေါင်းချုပ် အဖွဲ့အစည်းတွေက စကားလုံးအားဖြင့် တိတိကျကျ ထုတ်ဖော်ပြောဆိုမှုတွေ လုပ်လာခဲ့ပါတယ်။ အမေရိကန်နိုင်ငံဆိုလျှင်လည်း LGBT ဆိုတဲ့ ဝေါဟာရအသုံးအနှုန်းကို ၂၀၁၂ ခုနှစ်ရောက်မှသာလျှင် Holocaust အောက်မေ့ဖွယ် အခမ်းအနားမှာ အတိအကျ ထည့်သွင်းဖော်ပြ ပြောဆိုခဲ့ပါတယ်။ အရင်က Holocaust အောက်မေ့ဖွယ်နေ့ အခမ်းအနားတွေကို အစဉ်အလာအရ နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ပေမယ့်လည်း LGBT ဆိုတဲ့ ဝေါဟာရကို အဆိုပါ ကာလမတိုင်မီက ဖော်ပြပြောဆိုတာမျိုး မရှိခဲ့တာကို လေ့လာတွေ့ရှိခဲ့ရပါတယ်။ 

နာဇီတွေရဲ့ ရက်စက်မှုအောက်မှာ ခံစားခဲ့ကြရတဲ့သူတွေကို လျော်ကြေးတွေ ပေးတော့လည်း အဆိုပါ အကျဉ်းစခန်းတွေမှာ ခံစားခဲ့ကြရတာချင်းအတူတူ LGBT တွေဟာ လျော်ကြေးမရပဲ လျစ်လျူရှုခံခဲ့ကြရပါတယ်။ ၂၀၀၁ ခုနှစ်ရောက်မှသာလျှင် LGBT တွေဟာ အသိအမှတ်ပြုခံခဲ့ကြရပြီး ထိုစဉ်က ခံခဲ့ကြရသူတွေကို လျော်ကြေးတွေ စတင်ပေးအပ်ခဲ့ပါတယ်။ ပိုမိုအံ့ဩစရာကောင်းတာကတော့ နာဇီလက်ထက်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ပုဒ်မ ၁၇၅ ဟာ ၁၉၆၇ ခုနှစ်ရောက်မှသာလျှင် တရားဝင် ပျက်သုဉ်းသွားခဲ့တာ ဖြစ်ပါတယ်။

အကျဉ်းစခန်းများအား ဖော်ထုတ်တွေ့ရှိ
            မဟာမိတ် စစ်အုပ်စုတွေ၊ ဆိုဗီယက် တပ်နီတော်တွေအနေနဲ့ ဂျာမနီတပ်တွေအပေါ် စစ်အောင်နိုင်ပြီး အကျဉ်းစခန်းတွေကို သိမ်းပိုက်နိုင်ခဲ့ပြီးတဲ့နောက်မှာမှ နာဇီတွေရဲ့ လူသားမဆန်တဲ့ ဆိုးဝါးရက်စက်မှုတွေကို သိရှိခွင့်ရခဲ့တာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဖော်ထုတ်နိုင်ခဲ့တဲ့ အကျဉ်းစခန်းကတော့ Majdanek ဖြစ်ပါတယ်။ ဆိုဗီယက် တပ်နီတော်က ၁၉၄၄ ခုနှစ် ဂျူလိုင် ၂၃ ရက်နေ့မှာ အဆိုပါ အကျဉ်းစခန်းကို သိမ်းပိုက်ခဲ့တာ ဖြစ်ပါတယ်။ နာဇီတွေရဲ့ အထူးအကျဉ်းစခန်း တော်တော်များများကို ဆိုဗီယက် တပ်နီတော်က တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ ဆိုဗီယက်တို့ တွေ့ရှိခဲ့တဲ့ အထူးအကျဉ်းစခန်းတွေကတော့ Chelomno (၂၀၊ ဇန်နဝါရီ၊ ၁၉၄၅)၊ Auschwitz (၂၇၊ ဇန်နဝါရီ၊ ၁၉၄၅)၊ Ravensbruck (၂၉၊ ဧပြီလ၊ ၁၉၄၅)၊ Theresienstadt (၈၊ မေ၊ ၁၉၄၅) တို့ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေကနေ တွေ့ရှိခဲ့တဲ့ အကျဉ်းစခန်းတွေကတော့ Buchenwald (၁၁ ဧပြီလ၊ ၁၉၄၅)၊ Dachau (၂၉၊ ဧပြီလ၊ ၁၉၄၅)၊  Mauthausen (၅၊ မေလ၊ ၁၉၄၅) တို့ ဖြစ်ပါတယ်။ ဗြိတိသျှ တပ်မတော်ကနေ တွေ့ရှိခဲ့တဲ့ အကျဉ်းစခန်းကတော့ Bergen-Belsen (၁၅၊ ဧပြီလ၊ ၁၉၄၅) ဖြစ်ပါတယ်။ 

အဆိုပါ တွေ့ရှိခဲ့တဲ့ အကျဉ်းစခန်းတွေအနက် ဆိုဗီယက်တွေ တွေ့ရှိခဲ့တဲ့ အကျဉ်းစခန်းတွေ အတော်များများမှာတော့ အသက်ရှင်လျက် ကျန်နေခဲ့သူ သိပ်မရှိခဲ့ပါဘူး။ ထောင်ဂဏန်းလောက်သာ အသက်ရှင်လျက် ကျန်နေခဲ့တယ်လို့ ဆိုပါတယ်။ နာဇီတို့ရဲ့ အထူးအကျဉ်းစခန်းတွေအနက် နာမည်ဆိုးနဲ့ အကျော်ကြားဆုံး စခန်းတစ်ခုဖြစ်တဲ့ Auschwitz စခန်းမှာတော့ လူ ခုနှစ်ထောင် ခြောက်ရာလောက်ပဲ အသက်ရှင်လျက် တွေ့ရပါတယ်။ အဲဒီအနက် တစ်ရာ့ရှစ်ဆယ်ဟာ ကလေးတွေ ဖြစ်ပါတယ်။ Auschwitz စခန်းမှာတင် လူပေါင်းတစ်သိန်းကျော် အသက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ဗြိတိသျှတပ်တွေ တွေ့ရှိသိမ်းပိုက်ခဲ့တဲ့ အကျဉ်းစခန်းတွေမှာတော့ သောင်းဂဏန်းအထိ အသက်ရှင်လျက် ကျန်ရှိနေခဲ့တယ်လို့ ဆိုပါတယ်။ အကျဉ်းသား ခြောက်သောင်းလောက် အသက်ရှင်လျက် ကျန်ရှိနေခဲ့တာကို တွေ့ခဲ့ရပါတယ်။ 

International Holocaust Remembrancve Day နေ့ ဖြစ်ပေါ်လာပုံ
          ၁၉၄၅ ခုနှစ်မှာ မဟာမိတ်တပ်တွေရဲ့ အောင်ပွဲနဲ့အတူ ဒုတိယကမ္ဘာစစ်ဟာ ပြီးဆုံးသွားခဲ့ပြီး ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီး ပေါ်ပေါက်လာခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက် Auschwitz အကျဉ်းစခန်း လွတ်မြောက်တဲ့ ဇန်နဝါရီလ ၂၇ နေ့ ရောက်တိုင်းရောက်တိုင်း Auschwitz အကျဉ်းစခန်း တည်ရှိခဲ့ရာ နေရာမှာ စုဝေးပြီး ဒုတိယကမ္ဘာစစ်ကာလအတွင်း နာဇီတွေရဲ့ ရက်စက်မှုအောက်မှာ ဓါးစားခံဖြစ်ခဲ့ကြသူတွေအတွက် ရည်စူးပြီး အောက်မေ့ဖွယ် အခမ်းအနားတွေကို နှစ်စဉ်နှစ်တိုင်း ပြုလုပ်ခဲ့ကြပါတယ်။ ၂၀၀၅ ခုနှစ်မှာတော့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက်အမှတ် 60/7 နဲ့အတူ ဇန်နဝါရီလ ၂၇ နေ့ကို International Holocaust Remembrancve Day နေ့အဖြစ် သတ်မှတ်ပြီး ကုလအဖွဲ့ဝင် နိုင်ငံတိုင်း ကျင်းပြုလုပ်ကြဖို့ ဆုံးဖြတ်ချက် ချမှတ်ခဲ့ပါတယ်။ ၎င်းအပြင် အလားတူ လူမျိုးတုံး သတ်ဖြတ်မှုတွေ နောင်အနာဂတ်မှာ ထပ်မံမဖြစ်ဖို့အတွက် စနစ်တကျ တားဆီးနိုင်မယ့် အသိပညာပေးရေး အစီအစဉ်တရပ်ကို ထူထောင်ဖို့ကိုလည်း အဆိုပါ ကုလသမဂ္ဂအထွေထွေ ညီလာခံမှာ ချမှတ်ခဲ့ပါတယ်။ ကုလသမဂ္ဂအနေနဲ့ အော့ဇဝှစ် အကျဉ်းစခန်း လွတ်မြောက်မှု နှစ် (၆၀) ပြည့် အခမ်းအနားကို ၂၀၀၅ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့က အော့ဇဝှစ် အကျဉ်းစခန်းနေရာမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက် မတိုင်ခင်ကတည်းက အင်္ဂလန်လို၊ အီတလီလို နိုင်ငံတွေဟာ ဇန်နဝါရီလ ၂၇ ရက်နေ့ကို National Holocaust Day အဖြစ် သတ်မှတ်ပြီး ပြုလုပ်လျက် ရှိပါတယ်။

http://english.cri.cn/mmsource/images/2013/01/28/0d5b2660b4bc45999d9c6e874129716e.jpg

ဒီနေ့နဲ့ ပတ်သက်ပြီး နိုင်ငံတကာမှာ ဘာတွေ လုပ်ကြလဲ
          ဇန်နဝါရီလ ၂၇ ရက်နေ့ ရောက်တိုင်းရောက်တိုင်း International Holocaust Remembrancve Day အခမ်းအနားကို အထူးတလည် ကျင်းပပြုလုပ်ကြပါတယ်။ အခမ်းအနားပွဲမှာ နိုင်ငံခေါင်းဆောင်တွေ၊ နိုင်ငံရေးသမားတွေ တက်ရောက်ကြပြီး မိန့်ခွန်းတွေ ပြောပါတယ်။ ၎င်းအပြင် ထိုစဉ်က လူမျိုးတုံး သတ်ဖြတ်မှုအောက်ကနေ မသေပဲ လွတ်မြောက်လာခဲ့တဲ့ သူတွေကလည်း သူတို့ရဲ့ အတွေ့အကြုံတွေကို လူတွေသိအောင် ပြောပြပါတယ်။ ပြတိုက်တွေ ဖွင့်လှစ်ပြီး နာဇီတွေရဲ့ အကျဉ်းစခန်းတွေမှာ သေဆုံးခဲ့ရတဲ့ သူတွေရဲ့ ဓါတ်ပုံတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို လူအများ အလွယ်တကူ လေ့လာနိုင်အောင် ခင်းကျင်းပြသကြပါတယ်။ Holocaust အကြောင်းကို လူထုဟောပြောပွဲတွေ ပြုလုပ်ပြီးလည်း ထိုစဉ်က လူသားသမိုင်းရဲ့ စက်ဆုပ်ဖွယ် အပြုအမူတွေကို အများပြည်သူတွေ သိရှိနားလည် သခ်န်းစာယူနိုင်အောင် ပြုလုပ်ကြပါတယ်။ Holocaust Remembrancve Day နဲ့ ပတ်သက်ပြီး ထိုစဉ်က Victim ဖြစ်ခဲ့တဲ့ LGBT တွေ အကြောင်းကို လူတွေ ပိုမိုသိရှိလာအောင် လုပ်တဲ့နေရာမှာ ယူကေနိုင်ငံက Stonewall အဖွဲ့အစည်းဟာ ထင်ရှားတဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါတယ်။ 

          အထက်ပါ တင်ပြခဲ့တဲ့ အချက်အလက်တွေဟာ အင်တာနက်ပေါ်က လက်လှမ်းမှီသလောက် အချက်အလက်တွေအပေါ် အခြေခံထားပြီး ရေးသားခဲ့တာဖြစ်တော့ အချက်အလက်ပိုင်းဆိုင်ရာမှာ အားနည်းချက်တွေ အများကြီး ရှိနေဦးမှာ ဖြစ်ပါတယ်။ ထပ်မံသိလိုတာတွေအတွက်ကတော့ အင်တာနက်ကိုပဲ အားကိုးပြီး ကိုယ်တိုင်ဆက်လက် လေ့လာကြဖို့ပဲ ဖြစ်ပါတယ်။ 

လေးစားလျက်

1 comment: