Sunday, March 30, 2014

AIDS ရဲ့ ဂယက် (၁)


AIDS ဟာ ရောဂါတစ်ခု အနေနဲ့ ဒီရေသဖွယ် ပြန့်ပွားလာခဲ့ပြီး လူမှုရေး အပိုင်းမှာလည်း တွေးခေါ်မှုနဲ့ စိတ်ဓာတ်ကို ထိခိုက်မဂရှိခဲ့တယ် ဆိုတာ သိရပါပြီ။ ဒါပမေယ့် ဒါလောက်နဲ့ AIDS ရဲ့ လှိုင်းဂယက်ဟာ မဆုံးသေးဘူး။ ကမ္ဘာပေါ်ရှိ လူ့အဖွဲ့အစည်းနဲ့ လူနေမှု စနစ်တစ်တခုလုံးကို အဘက်ဘက်က ထိနေပြီဆိုတာ တဖြည်းဖြည်း သိလာရတယ်။ တစ်ဆင့်ပြီး တစ်ဆင့် ကြီးမားကျယ်ဝန်းလာတဲ့ ဝဲသြဃစက်ဝိုင်းလို အရှိန်မသတ်ဘဲ အချိန်ကြာမြင့်လေ သူမှ တစ်ဆင့် ထုတ်ပေးလိုက်တဲ့ ပြဿနာတွေက ကြီးထွားလေ ဖြစ်နေပြီ။ ဒါကြောင့် AIDS ဟာ လူသားတွေရဲ့ အနာဂတ်ကို ဓားပြတိုက် ယူလိုက်တဲ့ ရောဂါလို့ ခေါ်ရမှာ ဖြစ်နေပြီ။
 
AIDS ရဲ့ ဂယက်ကြောင့် ထွက်ပေါ်လာတဲ့ ကိစ္စရပ်တွေထဲမှာ ပထမဦးဆုံး တတ်လာတဲ့ ကိစ္စကတော့ “AIDS ဘယ်က စသလဲ” ဆိုတာပဲ ဖစ်တယ်။ အရင် မဖြစ်ဘူးသေးတဲ့ ရောဂါတစ်ခု ပေါ်ပေါက်လာရင် ဒီရောဂါရဲ့ ဒဏ်ချက်ကို သက်သာအောင် လုပ်ရာမှာရော၊ ရောဂါ ကာကွယ်ရေး လုပ်ဆောင်ချက်တွေမှာရော ဒီရောဂါ အစဖော်ထုတ်ရေး ကိစ္စဟာ သိပ်အရေးကြီးတာတော့ မဟုတ်ပါဘူး။ AIDS မှာ လောလောဆယ် တကယ်စူးစိုက်ပြီး လုပ်ရမှာကတော့ ရောဂါ မပြန့်ပွားရေးပါ။ ဒါပေမယ့် AIDS အစရှာတဲ့ ကိစ္စက မထင်မှတ်ဘဲ အငြင်းပွားရတဲ့ အရေးအခင်း ဖြစ်လာရတယ်။

အကြောင်းကတော့ “သူ့ကြောင့်” “ငါ့ကြောင့်” ဆိုပြီး အပြစ်ဖို့ ချင်တဲ့ သဘောတွေနဲ့ နိုင်ငံရေး သဘောတွေ ရောလာတာကြောင့်ပဲ။ ဘယ်တိုင်းပြည် ဘယ်လူမျိုးတွေက စပြီး ကမ္ဘာကြီးကို ဒီရောဂါ အမွေဆိုးကြီး ပေးခဲ့သလဲဆိုတဲ့ ပြဿနာ တက်ခဲ့တယ်။ AIDS ရောဂါရဲ့ သမိုင်းကို ကြည့်ရင် ဒီစိတ်ဓာတ်ပိုင်းဆိုင်ရာအကြောင်း တွေကြောင့် ပြဿနာဟာ အခုထိ ခက်ခဲနက်နဲပြီး ကိုင်တွယ်ရ ချက်နေအောင် ဖန်တီးနေတယ်ဆိုတာ တွေ့ရတယ်။ ဒါကတော့ လူတွေဟာ AIDS နဲ့ ပတ်သက်လာရင် ပထမ မရှိဘူးလို့ ပြင်းကွယ်လိုက်တယ်။

ငြင်းလို့မရလောက်တဲ့အခါကျတော့ ဘယ်သူဘယ်ဝါကြောင့်ဆိုပြီး အပြစ်ဖို့လို့ရမယ့် အုပ်စုအပေါ် အပြစ်တင်လိုက်ပြီး ဘာဃာတတွေ ထားလာကြတယ်။ ဒါကြောင့်လည်း အာရှနိုင်ငံသားတွေက အနောက်နိုင်ငံသား (ကမ္ဘာလှည့်ခရီးသည်) တွေကြောင့်လို့ ဆိုတယ်။ ဥရောပမှာတော့ အာဖရိကက လူတွေရဲ့ အပြစ်တဲ့၊ နောက် ပြည့်တန်ဆာတွေ၊ ဂေးတွေ စသည်ဖြင့် အပေါ်ပုံချကြတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ဆက်ဆံရေးတောင် ထိပါးလာတယ်။ တချို့နိုင်ငံတွေက AIDS ဆေးစစ်ပြီး မရှိဘူးလို့ ပြနိုင်မှ သူတို့နိုင်ငံကို ဝင်နိုင်မယ်။ တချို့ကလည်း တာတိုအမြင်နဲ့ တဇွတ်ထိုးပြောဆို အကြံပြုတာတွေ ရှိတယ်။

ဥပမာ AIDS ဗိုင်းရပ်စ်ပိုး မရှိကြောင်း လက်မှတ် လူတွေ ကိုင်ဆောင်ရမယ်၊ AIDS ပိုးရှိနေသူတွေကို ဆေးမင်ကြောင်ထိုးပြီး အမှတ်တံဆိပ် ခတ်နှိပ် ထားရမယ်။ AIDS ပိုးရှိသူဟာ အိမ်ထောင်မပြုရ၊ အလုပ်မလုပ်ရ၊ ခရီးသွားခြင်း မပြုရလို့ ဥပဒေနဲ့ တားမယ် စသည်ဖြင့် ဖြစ်လာကြတယ်။ ဒါတွေက လက်တွေ့ရဲ့ အပြင်ဘက် ဟိုဘက်အစွန်း ရောက်နေတဲ့ ကန့်သတ်ချက်တွေဆိုတော့ ဘယ်လုပ်လို့ ရမှာလဲ။ တကယ် ထိရောက်မှုလည်း မရှိနိုင်ဘူးဆိုတာ AIDS အကြောင်း အစစ်အမှန် သိပြီးလူတွေ အတွက်တော့ ရှင်းနေတာပဲ။ ဆစ်ဖလစ်တုန်းကလည်း ဒါမျိုး ကြုံခဲ့ဖူးပါပြီ။

AIDS ရောဂါ အစရှာပုံတော်ကို ဆက်ကြရရင် စာတွေ့သဘောနဲ့ ပြောရင်တော့ ရောဂါ အရင်းခံအစကို ရှာမယ်ဆိုရင် ပထမဦးဆုံးသော လူနာ ဘယ်မှာလဲဆိုတာ ရှာလို့ ရရမယ်။ ဒါက စိတ်ရှည်လက်ရှည်နဲ့ နောက်ကြောင်းပြန်ကောက်ပြီး တစ်ဆင့်စီ တစ်ဆင့်စီ တစ်လှမ်းချင်း နောက်ပြန်ဆုတ်ပြီး ရှာရမှာ။ ရောဂါက ဘယ်လို ကူးစက်တယ်ဆိုတာကို သိရင် ဒီလို လုပ်လို့ ရမယ်။ ဒါပေမယ့် တကယ့် လက်တွေ့မှာတော့ သိပ်မလွယ်ဘူး။ ဒီလို AIDS ရောဂါကို ရှာဖို့လုပ်ရာမှာ ပထမဦးဆုံး ကသိကအောက် ဖြစ်သွားရတဲ့ ကိစ္စကတော့ အမေရိကန်ရှိ CDC ခေါ် ရောဂါ ထိန်းချုပ်ရေး ဗဟိုဌာနက ထုတ်တဲ့ ကြောညာချက်တစ်ခုထဲမှာ ဟေတီကျွန်းသားတွေကို စွပ်စွဲ အပြစ်ဖို့နေပုံ ရနေတယ်။ အဲဒီ ကြေညာချက်ထဲမှာ ၁၉၈၂ ခုနှစ်မှာ အမေရိကန်မှာ လူ ၁၀၀ လောက် သေပြီး လူ ၂၀၀ ကျော်လောက် ရောဂါ ဖြစ်နေတဲ့ ရောဂါအသစ်အဆန်း AIDS ပေါ်နေတဲ့ အထဲမှာ ဟေတီကျွန်းသား ၃၄ ဦးမှာ ဒီရောဂါတွေ့ထားတယ်။

သူတို့ဟာလည်း အခြားရောဂါတွေ့ထားတဲ့ လူနာတွေလို “ဂေး” မဟုတ်ကြဘူး။ မူးယစ်ဆေးလည်း မထိုးလို့ဆိုတော့ ဒီဟေတီနိုင်ငံသားတွေ ကများ ရောဂါစတာလားဆိုတဲ့ ထင်မြင်ချက်မျိုး ပါနေတယ်။ ၁၉၈၃ မှ ဒါဟာ မဟုတ်နိုင်ဘူးလို့ ဟေတီက ဆရာဝန်တွေက စောဒက တက်ကြတယ်။ ဒီအချိန်က AIDS ရောဂါ ရှိနေသူပေါင်းရဲ့ ၆% လောက်သာ ဟေတီကျွန်းသားတွေ ဖြစ်နေတာ။ ဒါတော့ ဘယ်အုပ်စုကမဆို ဒီလောက်နည်းတဲ့ ရာနှုန်းတော့ ဖြစ်နိုင်တာပဲ။ ဘာကြောင့် ဟေတီကျွန်းသားတွေကိုမှ ကွက်ပြီး မီးမောင်း ထိုးပြနေကြတာလဲ။ ဟေတီလူနာတွေဟာ သူတို့ “ဂေး” ဖြစ်ကြတယ်။ မူးယစ်ဆေး ထိုးတယ်ဆိုတာကို လွယ်လွယ်ကူကူနဲ့ မပြောတတ်ကြဘူး။ ဒါကတော့ သူတို့ရဲ့ စရိုက်ပဲ။

ဒီတော့ သုတေသီတွေက ဒီလိုနေရာမျိုးမှာ လူတွေဓလေ့အကြောင်း ကောင်းကောင်းနားလည်ပြီး ဒီလို အရာမျိုး မေးတဲ့နေရာမှာ သိမ်မွေ့နူးညံ့စွာ ဌာနေစရိုက်နဲ့ ဘောင်ဝင်စွာ ကိုင်တွယ် ဆက်ဆံပြီး အဖြေမှန်ရအောင် လုပ်ဖို့ လိုတယ်လို့ ဆိုတယ်။ မေလ ၁၉၈၅ မှာတော့ CDC က ဟေတီသားတွေကို AIDS အထူးတလည်ပိုဖြစ်တဲ့ အုပ်စုအဖြစ်မှ ပယ်ဖျက်ပါတယ်။ သူတို့ဟာ အခြားသူတွေထက် AIDS အန္တရာယ် ပိုရှိတယ်လို့ မယူဆနိုင်ဘူးလို့ CDC က ပြန်ပြင်ပြီး ပြောရတယ်။ ဒါပေမယ့် ဒီအတွင်းမှာတော့ ဒဏ်ခတ်ခြင်းတော့ ခံလိုက်ရပြီ။

AIDS Discrimination Unit New York City Commission on Human Rights “နယူးယောက်မြို့ လူမှုရေး၊ အခွင့်အရေး ကောမရှင် AIDS ရောဂါကြောင့် လူလူချင်း ခွဲခြားမှုယူနစ်” မှ ဖော်ပြချက်အရ - ဟေတီကလေးတွေဟာ ကျောင်းမှာ အရိုက်အနှက် ခံရတယ်။ ဟေတီဆိုင်ပိုင်ရှင်တွေဟာ အရောင်းအဝယ်မဖြစ်လို့ အရင်းတွေ ဆုံးပြီး မွဲကုန်ကြတယ်။ ဟေတီမိသားစုတွေကိုလည်း အိမ်ရှင်တွေက နှင်ချကြတယ်တဲ့။ ဒီလိုပဲ နောက် နာမည် ပျက်ခံရတာကတော့ အာဖရိက ဖြစ်တယ်။

၂ နေရာစလုံးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ဖြစ်နေတယ်။ ဟေတီကျွန်းသားအမှုအခင်း အမေရိကန်မှာ ဖြစ်ရတဲ့ အချိန်လောက်မှာပဲ ဘယ်(လ)ဂျီယံနဲ့ ပြင်သစ် ဆရာဝန်တွေကလည်း ဒီလိုလက္ခဏာမျိုးနဲ့ အာဖရိကတိုက်သား လူနာတွေကို တွေ့နေကြတယ်။ သူတို့တတွေက ဘယ်(လ)ဂျီယံနဲ့ ပြင်သစ်ကို ရောဂါ လာကုကြသူတွေပါ။ ဒီတော့ ဆရာဝန်တွေက ဒီရောဂါဟာ အာဖရိကမှာ ရှိနေပြီး လူတွေမသိဖြစ်နေတာများလားလို့ သံသယ ဖြစ်စပြုတယ်။ ဒါလည်း အရင်ကဒီလိုပဲ ဖြစ်ခဲ့ကြတာတွေလည်း ရှိခဲ့တာကိုး။ အပူပိုင်းဖုံရောဂါ တွေဟာ အပူပိုင်းကနေ ဖွံ့ဖြိုးပြီး နိုင်ငံတေါကို ကူးသွားတဲ့ သာဓကတွေက ကျန်းမာရေး လောကသမိုင်းမှာ ရှိခဲ့တယ်။

ဒီလို ဆရာဝန်တွေ ထင်ယောင်ယောင် ရှိနေတာကို ထုံးစံအတိုင်း AIDS ရောဂါနဲ့ ပတ်သက်တဲ့ အသစ်အဆန်း သတင်း ငတ်နေကြသူ စာနယ်ဇင်း သမားတွေက ရေးကြီးခွင့်ကျယ် သတင်း တစ်ခုအဖြစ်နဲ့ ထည့်လိုက်တော့ ပြဿနာ တက်စရာ ဖြစ်လာတာပေါ့။ နောက်တစ်ခါပိုပြီး အထင်မှားစရာ ဖြစ်လာတာကတော့ AIDS ရောဂါပိုး သွေးစစ်သုတေသနက တွေ့ရှိချက်ပဲ။ အဲဒီ အချိန်လောက်မှာ AIDS ဗိုင်းရပ်စ်ပိုး ရှိ-မရှိ စစ်လို့ရလာတယ်။ ဒီလို စစ်တဲ့အထဲမှာ အာဖရိကက အရင်အခြား သုတေသနတွေအတွက် ထုတ်ယူထားတဲ့ သွေးနမူနာ အဟောင်းတွေယူပြီး AIDS ဗိုင်းရပ်စ်ပိုး စစ်ကြည့်တယ်။

(အထက်မှာ ဖော်ပြပြီးအတိုင်း ဗိုင်းရပ်စ်ကို စစ်လို့ရတာတော့ မဟုတ်ဘူး။ ဗိုင်းရပ်စ်ကြောင့် ကိုယ်တွင်းဖြစ်လာတဲ့ ပဋိပစ္စည်းကို ရှာလို့ရတာ။) ဒီသွေးနမူနာတွေဟာ ကင်ညာ ယူဂန်ဒါ တို့မှာ ၁၉၆၀ နဲ့ ၁၉၇၀ ခုနှစ်တွေမှာ ရထားတဲ့ သွေးတွေဖြစ်တယ်။ အဲဒီအထဲက ရာနှုန်းတော်တော် များများမှာ တွေ့နေပါလေရော တချို့မှာဆိုရင် ၅၀%-၆၀% တောင် တွေ့ရတယ်။ ဒီတော့ AIDS ဟာ အာဖရိကမှာ ကျယ်ကျယ် ပြန့်ပြန့် ရှိနေတာ နှစ်အတော်ကြာ ကတည်းကပဲလို့ ထင်ကြတာပေါ့။

ဒါကြောင့် AIDS ဟာ အာဖရိကမှာ အရင်ဖြစ်ပြီး အမေရိကကို နောက်မှ ကူးတာဖြစ်ရမယ်လို့ ထင်ကြတယ်။ AIDS ဗိုင်းရပ်စ်ကို ရှာတွေ့သူ တစ်ဦးဖြစ်တဲ့ Dr. Robert Gallo ကတောင် “AIDS ဗိုင်းရပ်စ်ဟာ အာဖရိက အလယ်ပိုင်းမှာရှိနေတာ အချိန်အတော်ကြာသွားပြီလို့ ကျွန်တော်ယုံတယ်” လို့ ဆိုတယ်။ တကယ်တော့ ဒီစစ်နည်းတွေဟာ ပေါ်စအသစ်ဆိုတော့ သိပ်ပြီး ပီပီပြင်ပြင် တိတိကျကျ မရှိသေးဘူး။ ဒီတော့ အမှားတွေပါတယ်။ (False positive) ပိုး မရှိသူကလည်း စစ်နည်းမှာ အရှိပြနေတယ်။ နောက်ပိုပြီး မှန်ကန်တဲ့ နည်းတွေနဲ့ စစ်ကြည့်တော့ အာဖရိက သွေးတွေမှာလည်း ဒီရောဂါ မရှိခဲ့ကြောင်း သိရတယ်။ အာဖရိကကို ယိုးစွပ်ဖို့အတွက် ဖြစ်ြလာတဲ့ နောက်အကြောင်း တစ်ခုလည်း စောစောပိုင်းက ဖြစ်ခဲ့သေးတယ်။

ဒါကတော့ အနောက် အာဖရိကမှာ “အစိမ်းရောက်မျောက်” တစ်မျိုး ရှိတယ်။ သူတို့မှာလည်း ရောဂါတစ်မျိုးဟာ ကိုယ်တွင်ခုခံအား ကျဆင်ပြီး လူမှာဖြစ်တဲ့ AIDS ရောဂါနဲ့ ဆင်တူယိုးမှား လက္ခဏာတွေ ဖြစ်တယ်။ ဒီရောဂါဖြစ်စေတဲ့ ဗိုင်းရပ်စ်ကိုလည်း သိထားတယ်။ SIV (Simian Immuno deficiency Virus) လို့ ခေါ်တယ်။ အဲဒီ ဗိုင်းရပ်စ်ကို မျောက်မှာတွေ့ပြီး (Senegal) ဆီးနီဂဲ တိုင်းပြည်က လူတစ်ယောက် ဆီမှာလည်း တွေ့တယ်လို့ ဆိုတယ်။ ဒီတော့ မျောက်ကနေ လူဆီရောက်၊ အဲဒီနောက် အခြားပြန့်သွားတာလို့ တွက်လာကြပြန်တယ်။

ဒီတော့လည်း အာဖရိက တိုင်းပြည်တွေက စိတ်ဆိုးစိတ်နာပြီး မခံခရပ်နိုင် ဖြစ်ကြပြန်တယ်။ အခုတော့ ဒီသီဝရီဟာ လက်ခံနိုင်တဲ့ အခြေ မရှိဘူးဆိုတာ သိရပါပြီ။ SIV အက်စ်အိုင်ဗွီ ဗိုင်းရပ်စ်ကတော့ ရှိတာ အမှန်ပဲ၊ ဒါပေမယ့် သူက AIDS ဖြစ်စေတာတော့ မဟုတ်ဘူး။ သူဘယ်ကစလာသလဲဆိုတာလည်း မသိရဘူး၊ ဒီတော့ ဒါဟာလည်း မှားယွင်းပြီး အပြောခံရတဲ့ ကိစ္စပဲလို့ ဆိုရမှာပဲ။ ဒါပေမယ့် အရေးအထင်းကတော့ ဖြစ်လိုက်ရသေးတာမို့ မဖြစ်သင့်ပဲနဲ့ မပြေလည်မှုတွေ ဖြစ်လာခဲ့ရတယ်။

ဒီလို ဘေးဆိုးကြီးနဲ့ ကြုံနေတဲ့ အခိုက်မှာ မဖြစ်ထိုက်တာတွေ ဖြစ်နေမှုကို အားပေးဖို့ မကောင်းပါဘူး။ အထူး သတိဝီရိယ ထားပြီး ရှောင်ရမှာပါ။ ဒီမှာ ဇန်ဘီယားနိုင်ငံရဲ့ သမ္မတ ကဲနက်ကဝန်ဒါးရဲ့ မှတ်သားဖွယ် စကားကို တင်ပြရမယ်ဆိုရင် “ဒီရောဂါဟာ ဘယ်ကလာသလဲဆိုတာ သိဖို့ထက် အရေးကြီးတာကတော့ ဒီရောဂါ ဘယ်ကို သွားမလဲဆိုတဲ့ ကိစ္စဖြစ်တယ်၊ ဒီတော့ ဘာမှ ဖုံးကွယ်ဖို့ မကောင်းဘူး” တဲ့။ သူကတော့လည်း ခံစားချက်နဲ့ လူဆိုတော့ အမှန်ကို ပိုပြီး ထိထိမိမိ မြင်မှာပေါ့။ သူ့ရဲ့သားဟာ ဒီ AIDS ရောဂါနဲ့ ဆုံးခဲ့တယ်။

နောက် ယူဂန်ဒါက AIDS ကော်မတီဝင် တစ်ဦးကလည်း ဆိုပြန်တယ်။ “အိမ်ထဲမှာမြွေဆိုးရောက်နေတယ်၊ အဲဒါကို ထိုင်ကြည့်ပြီး ဒီမြွေ ဘယ်ကလာတာလဲလို့ မေးနေမှာလား” တဲ့။ ဒီလို စွပ်စွဲမှုတွေ အငြင်းပွားမှုတွေ အထူးသဖြင့် အနောက် နိုင်ငံက သတင်းစာတွေက အခြေအမြစ် မခိုင်လုံသေးတဲ့ သတင်းအချို့ကို စာလုံးမည်းကြီးတွေနဲ့ အထိတ်တလန့် ဖော်ထုတ်ခဲ့တာတွေရဲ့ အကျိုးဆက်ကတော့ AIDS ကာကွယ်မှုအတွက် လှုံ့ဆော်ရေး စီမံချက်တွေမှာ နှောင့်နှေးသွား ရခြင်းပဲ။ သုတေသန ပြုရာမှာလည်း တချို့အာဖရိက နိုင်ငံတွေ (ဥပမာ ဇန်ဘီးယား) က ပူးပေါင်း လုပ်ကိုင်ရာမှာ တွန့်ဆုတ်ချင်လာ ကြတယ်။ သွေးနမူနာတွေယူပြီး လုပ်ရမယ့် ကိစ္စမျိုးတွေဟာ ကြန့်ကြာကုန်တယ်။


တကယ့်တကယ် ပြန်စစ်ကြည့်လို့ တွေ့ရတာကတော့ AIDS လို့ နောင်တွင်မယ့် ရောဂါဟာ အမေရိကန် (ယူအက်စ်အေ) အာဖရိက ဥရောပနဲ့ ဟေတီနိုင်ငံတို့မှာ မရှေးမနှောင်း တစ်ပြိုင်တည်းလောက် နီးနီး ပေါ်ပေါက်ခဲ့တာပါ။ မှတ်တမ်းဟောင်းတွေကို စေ့စေ့ စပ်စပ် ပြန်ကြည့်ပြီး နောက်ကြောင်းပြန် ခြေရာခံလိုက်ကြည့်လို့ တွေ့ရတာတွေကို စီပြရမယ် ဆိုရင်တော့ -
၁၉၇၉ - မှာ ၄၄ နှစ်အရွယ်ရှိ “ဂေး” တစ်ယောက် နယူးယောက်မြို့မှာ ကာပိုစီဆာကိုးမား (KS) နဲ့ သေခဲ့တယ်။ (KS ဟာ AIDS မှာ ဖြစ်လေ့ရှိတတ်တဲ့ အရေပြားကင်ဆာ အရင်က အင်မတိ အင်မတန် ရှားလှတဲ့ ရောဂါ)။

၁၉၇၇ - ၂၇ နှစ်ရှိ အာဖရိကတိုက် ရာဝန်ဒါ နိုင်ငံသူ ကလေးမိခင်တစ်ဦးဟာ ကိုယ်တွင်းခုခံအင်အား ကျဆင်းမှု လက္ခဏာတွေနဲ့ ဆုံးခဲ့တယ်။ ဒါဟာလည်း အရင်က သိပ်မတွေ့ကြုံတတ်တဲ့ ရှားပါးလှတဲ့ လက္ခဏာဆန်းဖြစ်တယ်။

၁၉၇၇ - ၃၄ နှစ်ရွယ် ဇိုင်ယာအမျိုးသမီး တစ်ယောက်ဟာလည်း ထူးဆန်းစွာ အဆုတ်ရောင်နဲ့ အူရောင်ရောဂါတွေ ဆင့်ကဲဆင့်ကဲ ရတာကြောင့် ဘယ်(လ)ဂျီယန်ပြည်မှာ စုံစမ်းစစ်ဆေးမှု ခံခဲ့တာ ၁၉၇၈ မှာတော့ ဇိုင်ယာမှာ ဆုံးတယ်။

၁၉၇၇ - ၄၇ နှစ်အရွယ် ဒိန်းမတ်သူ ခွဲစိတ်ဆရာဝန် တစ်ဦးဟာလည်း ကြောင်းအင်မသိဘဲ နာမကျန်း တော်တော်ကြာကြာ ဖြစ်ပြီး နောက်ဆုံး ရှားပါးတဲ့ အဆုတ်ရောင် ရောဂါတစ်ခုနဲ့ ဒိန်းမတ်မှာ ဆုံးခဲ့တယ်။ သူဟာ ဇိုင်ယာနိုင်ငံ တောနယ်မှာ နှစ်ရှည်လများ အလုပ်လုပ်စဉ် ရောဂါ ဖြစ်ခဲ့တာပါ။

၁၉၇၆ - အသက် ၃၀ ရှိ နော်ဝေးဂျင်လူမျိုး အသက် ၃၃ ရှိ သူ့ဇနီးနဲ့ အသက် ၉ နှစ်ရှိ သူတို့ရဲ့ သမီး ၃ ယောက်စလုံးဟာ တဖြည်းဖြည်း အားအင်ချိနဲ့ပြီး ရောဂါ အမည်မမှည့် တတ်ဘဲနေရာက ၇-၁၀ နှစ်အတွင်း သေသွားကြတယ်။

၁၉၇၅ - အရင်က အကောင်းပကတိ ရှိခဲ့တဲ့ ၇ လသားအရွယ် လူမည်းကလေး တစ်ဦးဟာ ရှားပါး အဆုတ်ရောင် ရောဂါနဲ့ နယူးယောက်မှာ သေဆုံးခဲ့တယ်။

၁၉၆၉ - ၁၅ နှစ်ရွယ် လူမည်းကလေးတစ်ယောက် KS အရေပြား ကင်ဆာနဲ့ ရှားပါး အဆုတ်ရောင် ရောဂါနဲ့ အမေရိကန်ရှိ စိန့်လူစီမြို့မှာ သေဆုံးခဲ့တယ်။

၁၉၅၉ -ဗြိတိန်မှ သင်္ဘောသား တစ်ယောက် KS အရေပြား ကင်ဆာနဲ့ ရှားပါး အဆုတ်ရောင် ရောဂါနဲ့ မန်ချက်စတာမြို့မှာ ဆုံးတယ်။

၁၉၅၉ - ၄၅ နှစ်အရွယ် ဟေတီကျွန်းမှာ မွေးခဲ့တဲ့ အမေရိကန်နိုင်ငံသား တစ်ယောက်လည်း အလားတူ ဆုံးခဲ့တယ်။
ဒီရောဂါ ရှင်တွေကို AIDS လို့ ပြောဖို့ အထောက်အထားတွေကတော့ AIDS ရဲ့ ဝိသေသလက္ခဏာများလို့ နောင်အခါ သိလာကြရတဲ့ လက္ခဏာတွေနဲ့ နောက်ကြောင်းပြန်ပြီး ပြောရတာ ဖြစ်တယ်။ အဲဒီအထဲက အချို့ကျတော့လည်း သွေးနမူနာတွေ ရှိထားလို့ AIDS ဗိုင်းရပ်စ်ပိုး စစ်ကြည့်တော့ တွေ့တာတွေလည်း ပါတယ်။ ဒီတော့ AIDS ရောဂါလို့ ထင်ထင်ပေါ်ပေါ် မသိခင် အနှစ်အနည်းဆုံး ၂၅ လောက် ကတည်းက AIDS ရှိနေတယ်လို့ ခန့်မှန်းနိုင်တယ်။

ဒီ AIDS ကို ခြေရာခံလိုက်တာဟာ ၁၉၅၉ ခုနှစ်မှာပဲ ဆုံးသွားတယ်။ ဒီထက် ဆက်ပြီး လိုက်လို့မရတော့ဘူး။ ကြာလေ ဒီခြေရာခံ အလုပ်ဟာ ခက်လေဖြစ်မှာပဲ။ ဘာကြောင့်လဲဆိုတော့ စောစောပိုင်းမှာ တင်ပြပြီးတဲ့ အတိုင်း လူတွေသေတာဟာ AIDS ကြောင့် သက်သက် မဟုတ်ဘူး။ AIDS ကြောင့် ဖြစ်လာတဲ့ ကိုယ်တွင်း ခုခံအား ကျဆင်းလာလို့ အရင်က မဝင်နိုင်မထိနိုင်တဲ့ ရှားပါးပြီး ကုဆေး မရှိသေးတဲ့ ရောဂါတွေ ဝင်ပြီး အဲဒီ ရောဂါတွေကြောင့် သေကြရတာ။

ဒီတော ဒီရောဂါတွေကြောင့် သေသွားသူတိုင်းကို AIDS လို့ ပြောရမှာလည်း ပိုင်ပိုင်နိုင်နိုင်တော့ မရှိဘူး။ ဒီတော့ ဆေးပညာရှင်တွေပဲ ဖြစ်ဖြစ်၊ အမှုပေါ်တဲ့အထိ လိုက်ချင်ကြတဲ့ စာနယ်ဇင်း “စုံထောက်” တွေပဲ ဖြစ်ဖြစ် ဘယ်လို ကြိုးစားကြပေမယ့် ၁၉၅၉ မှာ အစပျောက်ခဲ့တယ်။ အခုအချိန်မှာ ပြောလို့ဖြစ်တာကတော့ ဒီဗိုင်းရပ်စ် ကမ္ဘာပေါ် စရောက်လာတဲ့ သက်တမ်းကတော့ အတော်ကြာရှည် နေပါပြီ ဆိုတာပဲ။ ဒီလိုရှိနေတာ ကြာရက်နဲ့ ဘာကြောင့် ရုတ်တရက်နဲ့ ကမ္ဘာရဲ့ ၅ ပုံ ၄ ပုံနေရာမှာ တစ်ပြိုင်တည်းလိုလို ပေါ်ထွက် လာရသလဲဆိုတာတော့ အဖြေရှာမတွေ့နိုင်သေးတဲ့ လျှို့ဝှက်ချက်ကြီး တစ်ခုပဲ။

ဒီဗိုင်းရပ်စ်ပိုး ဘယ်လိုစတယ် ဆိုတာကို ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) ရဲ့ ယူဆချက်ကိုတော့ အဖွဲ့ကြီးရဲ့နှစ်စဉ် ကျင်းပမြဲဖြစ်တဲ့ အစည်းအဝေးကြီး (၁၉၈၇ ခုနှစ်) မှာ တင်ပြခဲ့တယ်။ ဒါကတော့ AIDS ရောဂါပိုး ဖြစ်တဲ့ (HIV) အိပ်ခ်ျအိုင်ဗွီဟာ “သဘာဝအလျောက် ပေါ်ထွန်းလာတဲ့ retro-virus (ရီတြိုဗိုင်းရပ်စ်) ဖြစ်ပြီး ပထဝီဒေသအရတော့ အဆုံးအဖြတ် မပေးနိုင်တဲ့ ဒေသက စတယ်” လို့ ဆိုတယ်။

ဒေါက်တာ ဒေါ်မြင့်မြင့်ခင် ရေးသားသော “လူတိုင်းအတွက် ထိုးတဲ့ ခေါင်းလောင်း” စာအုပ်မှ ပြန်လည်ရေးသား ဖော်ပြထားခြင်း ဖြစ်ပါသည်။

No comments:

Post a Comment