Sunday, March 30, 2014

ကိုယ်ခံအား

ဒီဘက်ခေတ်မှာ မြန်မာလူငယ် အတော်များများ နိုင်ငံခြား သားတွေနဲ့ အထိအတွေ့များလာ တယ်။ နိုင်ငံခြားသား တွေက လည်း ဒီကိုအရောက် အပေါက်များ လာတယ်။ နိုင်ငံခြားသားတွေ ဟာ မြန်မာနိုင်ငံကို ကမ္ဘာလှည့် ခရီးသည် အနေနဲ့လာကြသလို တချို့ကလည်း အလုပ်အကိုင် အခွင့်အလမ်း အတွက်လာကြ တာပါ။ မြန်မာနိုင်ငံရဲ့ လက်ရှိ ပြုပြင်ပြောင်းလဲရေး တွေကြောင့် အထူးသဖြင့် နိုင်ငံတကာ သုတေသီတွေ၊ အလုပ်သင်တွေ အတွက် မြန်မာနိုင်ငံဟာ စားကျက်အသစ်ပါပဲ။
ဒီတော့ မြို့မှာလည်း မြို့ အလျောက်၊ နယ်မှာလည်းနယ် အလျောက် မြန်မာလူငယ်တွေနဲ့ နိုင်ငံခြားသားတွေ  ထိတွေ့မှုပိုများ လာတယ်။ နောက်လည်းပိုများ လာဖို့ရှိပါတယ်။ ဒီတော့ မြန်မာလူငယ်တွေရဲ့ နိုင်ငံခြားသား အ ပေါ်အမြင်နဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ နိုင်ငံခြားသားတွေရဲ့ သဘောသဘာဝကို နည်းနည်း ဆွေးနွေးချင်တယ်။

ဒီလိုဆွေးနွေးတာအကြောင်း ရှိတယ်။ တချို့ မြန်မာလူငယ်တွေ ဟာ နိုင်ငံခြားသားဆို သိပ်အထင် ကြီးတတ်တယ်။ နိုင်ငံခြားသား ပြောတာမှ အမှန်လို့ထင်တတ် တယ်။ နိုင်ငံခြားသားက လူ့အခွင့် အရေးတစ်လုံးပြောရင် သူတို့က ၁၀ လုံး၊ ၁၅လုံးလောက်ပြော တတ်တယ်။ ဒီလိုလေကြီးမိုးကြီး လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီတို့ ပြောမှ လူရာဝင်မယ်၊ နေရာရ မယ်လို့အထင်ရောက်နေသူတွေ ရှိတယ်။ ဒီလိုနဲ့ အနောက်ရဲ့ အတွေးအခေါ်ထဲမှာ မှိုင်းမိပြီး တစ်ဖက်ပိတ်အတွေးအခေါ်တွေ ဖြစ်သွားတတ်ကြတယ်။

တကယ်တော့ အနောက် နိုင်ငံသားတွေကိုအထင်ကြီးတယ် ဆိုတာ ဒီမှာတင်မဟုတ်ဘူး။ အာရှနိုင်ငံအတော်များများမှာလည်း ဒီလိုပါပဲ။ စာရေးသူတို့ အာရှတိုက်သားအများစုက ခပ်ကုပ်ကုပ်နေတတ်တယ်။ ခပ်အေးအေးနေတတ်တယ်။ ရုံးပြီးရင် အိမ်၊ အိမ်ပြီးရင် ရုံးသမားတွေ များတယ်။ မိသားစုသံယောဇဉ်ကြီး တယ်။ အနောက်နိုင်ငံသားတွေ ကျတော့  သူတို့ရဲ့လူနေမှုဝန်းကျင် ကိုက ကိုယ့်အားကိုယ်ကိုးဖို့  အခြေ အနေတွေ ငယ်ငယ်ကတည်းက ဖန်တီးထားတယ်။ (၁၈) နှစ်ကျော် တာနဲ့ အိမ်ကထွက်ပြီးအလုပ် လုပ်၊ ရတဲ့ပိုက်ဆံနဲ့ ကျောင်း တက်၊မိဘကိုပြန်ဆပ်၊ ဒါမျိုးတွေရှိတယ်။ သူတို့ပညာရေး စနစ်ဆိုလည်း ဆရာသင်တာတစ်ဝက်၊ အပြန်အလှန်ဆွေးနွေးတာ တစ်ဝက်ဖြစ်တယ်။ လုပ်ငန်းခွင်ထဲမှာဆိုလည်း အဆင့်တွေသာခွဲထားတာ၊ အကြီးအကဲကအစ အောက်ခြေအလုပ်မျိုးတွေ ဝင်လုပ်ရတာမျိုး၊ ကိုယ့်အိတ် ကိုယ်ဆွဲ ကိုယ့်ဝန်ကိုယ်ထမ်းရတာမျိုးဖြစ်တယ်။ ဒီတော့ အိမ်မှာ၊ ကျောင်းမှာ၊ အလုပ်မှာကိုယ့်အားကိုယ်ကိုးဖို့ဆိုတာ မဖြစ်မနေဖန်တီးထားတယ်။ ဒီတော့ သူတို့ဆီမှာ အသက် (၂၀) ကျော်၊ (၃၀)ကျော်ပြီဆိုတာနဲ့ ကမ္ဘာလှည့်ပြီး အလုပ်လုပ်ကြ တယ်။ အလုပ်ရှာကြတယ်။ ဒီ တော့ အတွေ့အကြုံပေါင်းစုံက တစ်ဆင့် လူရည်လူသွေးက ပို တက်လာတယ်။ ပိုကောင်းလာ တယ်။ ဆိုရရင် ဖွံ့ဖြိုးဆဲနိုင်ငံက လူငယ်တွေနဲ့ အနောက်ကလူငယ် တွေဆိုတာ အများကြီးဟနေ တယ်။ ဒီလိုနဲ့ တစ်ဦးချင်းစီကနေ လူ့အဖွဲ့အစည်းနဲ့ချီပြီး စဉ်းစား လိုက်တော့ ဖွံ့ဖြိုးပြီးနဲ့ ဖွံ့ဖြိုးဆဲဆို ပြီး ဖြစ်လာတယ်။

ဂျပန်လို၊ ကိုရီးယားလိုနိုင်ငံ သားတွေတောင် သူတို့ကိုယ်သူတို့ လူရည်လူသွေး၊ စိတ်ဓာတ်ပိုင်း ဆိုင်ရာမှာ ဖွံ့ဖြိုးဆဲလို့ပဲ သတ် မှတ်တယ်။ ဖွံ့ဖြိုးဆဲဆိုတာ မ လွတ်လပ်တာ၊ လူရာမဝင်တာ၊ ကိုယ့်ကိုယ်ကို ယုံကြည်မှုအား နည်းတာ၊ သဘောထားမကြီးတာ အားလုံးပါတယ်။ စာရေးသူတို့ အာရှလူ့အဖွဲ့အစည်းက အနည်း အများဆိုသလို မိဘအုပ်ထိန်းမှုနဲ့ ကင်းခဲတယ်။ ဆရာသမားဆိုတာ နဲ့ ကင်းကွာလို့မရဘူး။ အလုပ်ထဲ မှာလည်း အထက်လူကြီးဆိုရင် အတော်ကို ရိုရိုကျိုးကျိုးရှိရတာ ကလား။ ဒီတော့ အိမ်မှာ၊ ကျောင်း မှာ၊ အလုပ်မှာ မှီခိုဖို့၊ မလွတ်လပ် ဖို့ဆိုတာ ဖန်တီးထားသလိုဖြစ်နေ တယ်။ ဒီတော့ စာရေးသူတို့ အရှေ့တိုင်းလူ့အဖွဲ့အစည်းမှာ အများစု လက်ခံထားတဲ့အယူ အဆနဲ့ ကင်းကွာသွားသူဟာ၊အုပ်စုကနေခွဲထွက်သွားသူဟာ မရှင်သန်တတ်ဘူး။ ဒါကြောင့် အရိပ်အခြည်ကြည့်ပြီး လုပ်ကျင့် ကစွဲနေတယ်။ ဘယ်စာနယ်ဇင်း က ဘာကိုဇောင်းပေးလဲ၊ လိုက် သာရေး၊ ဘယ်လူကြီးကဘာ ကြိုက်လဲ၊ အလိုက်တသိသာပံ့ပိုး ပေး၊ ဘယ်နိုင်ငံရေးသမားက ဘာဖြစ်ချင်လဲ၊ ဖြစ်အောင်သာ လုပ်ပေး၊ OK ပဲ၊ ရှင်သန်တယ်။ ရှင်သန်ရုံမက ကြီးထွားတယ်။ ဒါကြောင့် ဂျပန်လိုနိုင်ငံမျိုးမှာ ရုပ် ဝတ္ထုသာတိုးတက်တယ်။ ဂျပန် တွေဟာ အရှေ့ရဲ့ဆန့်ကျင်ဘက် အနောက်နိုင်ငံသားတွေဆို သိပ် အထင်ကြီးတတ်တယ်။ ဒါက လည်း သူတို့လူ့အဖွဲ့အစည်းကို က မွန်းကျပ်ပြီး အဲဒီလိုမမွန်း ကျပ်ချင်လို့ အုပ်စုကခွဲထွက်သွား လည်း မရှင်သန်နိုင်ဘူးလေ။ဒါ ပေမဲ့ ဂျပန်က အနောက်ကိုအထင် သာကြီးတာနော်၊ အနောက်က ကောင်းတာတွေ အတုခိုး၊ သူတို့ နိုင်ငံသဘောသဘာဝနဲ့  သင့် လျော်မယ့်အရာတွေကို ဂျပန်မှုပြု လိုက်တာများတယ်။

  အခုစာရေးသူတို့ မြန်မာ ပြည်ဆီမှာ လူငယ်အများစုဟာ ယုံကြည်မှုတွေ ပျောက်ဆုံးနေ တယ်။ မြန်မာအချင်းချင်း အထင် ကြီးလေးစားမှုဆိုတာမရှိလှဘူး။ နိုင်ငံခြားသားဆို အထင်တကြီးရှိ တယ်။ နိုင်ငံတကာအဖွဲ့အစည်း တွေဆို လေးစားယုံကြည်မှု ပို တယ်။ စာနည်းနည်းဖတ်ပြီး ခပ် ကြီးကြီးတွေးတယ်။ တကယ် တော့ အားလုံးကလူသားတွေပဲ။ ခြေနှစ်ဖက်၊ လက်နှစ်ဖက်၊ ဦး နှောက်တစ်ခုနဲ့ပဲ။ အပြန်အလှန် လေးစားမှုကလွဲရင် အထင်တကြီးရှိစရာမလိုဘူး။

သို့သော် ကိုယ်မလုပ်နိုင်တာ သူလုပ်နိုင်တဲ့အတွက် လေးစားအားကျမှုမျိုးတော့ရှိရမယ်။  ဘာကြောင့် သူတို့မှာ ဒီလိုစွမ်းဆောင်ရည် (Capacity) မျိုးရှိပြီး ငါတို့မှာ ဒါမျိုးမရှိတာလဲ တွေးရမယ်။ ဖြစ်နိုင်ခြေကိုသုံးသပ်ရမယ်။ ဆိုလိုတာ လက်ရှိကိုယ်နေထိုင်ကြီးပြင်းရာဝန်းကျင်ကနေမှ ကိုယ့်ခွင်ကိုကိုယ်ချဲ့ယူရမယ်။ မဟုတ်ဘဲနဲ့ အနောက်ပုံစံ၊ အနောက်အချိုး၊ အနောက် အတွေးအခေါ်နဲ့ ကိုယ့်အဖွဲ့ အစည်းမှာတွေးခေါ်ပြုမူနေထိုင် ကျင့်သုံးမယ်ဆိုရင် အတွင်းက လူတွေညံ့ရင်တော့ အကြောင်း မဟုတ်၊ မညံ့ရင်တော့ ထိပ်တိုက် တွေ့ကြရလိမ့်မယ်။

စာရေးသူအတွေ့အကြုံ အရ အနောက်နိုင်ငံသားတွေဟာ သည်းခံနားလည်စွမ်းအားမြင့်မား ကြတယ်။ အားနည်းသူတွေဘက် ကရပ်ခံကြတယ်။ မတရားဘူးလို့ ထင်တာမျိုးကို မသိကျိုးကျွံမပြု တတ်ဘူး။ သူတို့ဝန်းကျင်လိုမျိုး တခြားလူ့အဖွဲ့အစည်းဝန်းကျင် တွေကို ဖန်တီးစေချင်ကြတယ်။ သူတို့သင်ကြားကြီးပြင်းရတဲ့ဝန်း ကျင်ကလည်း ဒီမိုကရေစီနဲ့ လူ့ အခွင့်အရေးဝန်းကျင်သာဖြစ် တယ်။ ဒီတော့ သူတို့ဆီကကြားရ မှာလည်း ဒီမိုကရေစီနဲ့လူ့အခွင့် အရေးသာဖြစ်တယ်။ အမှန် တရားဆန်ဆန်တွေသာဖြစ် တယ်။ ငြင်းပယ်ရခက်ခဲတဲ့အရာ တွေဖြစ်တယ်။ ဒီတော့ သာမန် နိုင်ငံခြားသားနဲ့ အဆက်အဆံ နည်းတဲ့၊ ဆက်ဆံရေးများသည့် တိုင် အမျိုးသားရေးအခြေခံစိတ် ဓာတ်အားနည်းတဲ့သူတွေအဖို့ နိုင်ငံခြားသားတွေကို အထင် တကြီးရှိကြတာ အဆန်းတော့ မဟုတ်ဘူး။

စာရေးသူက နိုင်ငံတကာ အဖွဲ့အစည်းတွေမှာအလုပ်လုပ် တော့ သူတို့အကြောင်းသိလေ ပိုအထင်မကြီးလေပဲ။ တစ်ခါ တလေ နိုင်ငံခြားသားဆိုသူတွေ ဟာ စာရေးသူတို့နိုင်ငံမျိုးမှာ အချဉ်ဆိုပြီး လေ့ကျင့်ရေးကွင်း သာသာ လာအလုပ်လုပ်နေတာ မျိုးရှိတယ်။ ဒီကအတွေ့အကြုံ တွေယူသွား၊ နောက်တစ်နိုင်ငံ ပြောင်း၊ ဒီလိုနဲ့ နိုင်ငံတကာအဖွဲ့ အစည်းဆိုတာသူတို့နိုင်ငံတွေရဲ့ လူသား ရင်းမြစ်စွမ်းရည်ဖွံ့ဖြိုးဖို့ လေ့ကျင့်ရေးကွင်းသာသာရှိ တယ်။ ဒီလိုနဲ့ သူတို့ဆီမှာ အသက် (၃၀)ဝန်းကျင်ဆို နိုင်ငံတကာ အဖွဲ့အစည်းတွေမှာအကြီးအကဲ ရာထူးတွေရနေပြီ။ တစ်နိုင်ငံလုံး ရဲ့စီမံချက်တွေ (Project)ကို စီမံခန့်ခွဲနိုင်နေပြီ။ ရောက်တဲ့ နိုင်ငံမှာ အဲဒီကနိုင်ငံသားဝန်ထမ်းတွေကို ဘယ်လိုလှည့်ပတ်အုပ်ချုပ်၊ ဦးနှောက်ဖောက်စားရမယ် ဆိုတာသိနေပြီ။

  နိုင်ငံတကာအဖွဲ့အစည်း တွေမှာအလုပ်လုပ်ရင်း နိုင်ငံသား ဝန်ထမ်းတချို့ စိတ်ညစ်လို့ထွက် သွားတာတွေ ခဏခဏရှိတယ်။ စာရေးသူဆီ စာရေးမှန်းသိတော့ လာရင်ဖွင့်ကြတာတွေရှိတယ်။ ဒီတော့ ဇာတ်လမ်းပေါင်းစုံမရိုး အောင်ကြားရတယ်။ စာရေးသူ က ကိုယ်နဲ့ရင်းနှီးတဲ့သူတွေဆို အဲဒီလိုထွက်သွားတာမျိုးကို အား မပေးဘူး။ မတရားဘူးထင်ရင် အတွင်းကပဲ ပြန်တိုက်စေချင် တယ်။ တချို့ကမေးချင်မှာပေါ့။ ဘယ်လိုပြန်တိုက်ရမလဲ။ နိုင်ငံ ခြားသားနဲ့တိုက်ရင် ကိုယ်ပဲရှုံးမှာ ပေါ့လို့။ စာများများဖတ်ပါလို့သာ ဖြေပါရစေ။ တကယ်တော့ နိုင်ငံ တကာအဖွဲ့အစည်းဆိုတာ သဘောသဘာဝက မွန်မြတ်ပြီး သား။ အတွင်းကလူတွေကြောင့် စိတ်ပျက်စရာတွေဖြစ်နေတာ။ ဒီတော့ သူတို့လွှမ်းသလို ကိုယ် ကလည်းလွှမ်းအောင်ကြိုးစားရ မည်။ သူတို့အတွေးအခေါ်တွေ ကိုယ့်ကိုသွတ်သွင်းဖို့ကြိုးစားရင် ကိုယ့်အတွေးအခေါ်တွေလည်း သူတို့ဆီပြန်သွတ်သွင်းဖို့ကြိုးစား ရမယ်။ ဘယ်လိုသွတ်သွင်းရမလဲ ဆိုရင် စာများများဖတ်ပါလို့ပဲ ဖြေပါရစေ။

ဒီတော့ လူလူချင်းအတူတူ ဘယ်သူ့ဘယ်သူမှအထင်ကြီး စရာမလိုဘူး။ အထင်သေးစရာ လည်းမလိုဘူး။ အမျိုးသားရေး ကိုယ်ခံအားကောင်းဖို့ပဲလိုတယ်။ အဲဒီလိုကိုယ်ခံအားကောင်းဖို့ ကိုယ့်ဘက်ကကြိုးစားမှုရှိဖို့တော့လို တယ်။ နိုင်ငံခြားသားတွေလို ကမ္ဘာပတ်အတွေ့အကြုံတော့ မရှာနိုင်ဘူးပေါ့။ သူတို့ရှင်သန်ရာ ဝန်းကျင်မျိုးလည်း မဖန်တီးနိုင် ဘူးပေါ့။ သို့သော် ကိုယ့်မှာရှိတဲ့ အင်အားနဲ့၊ အသိဉာဏ်နဲ့ ကိုယ့်  ကိုယ်ကိုယ်ဖြည့်ဆည်းတည် ဆောက်ဖို့တော့ လိုလိမ့်မယ်။ ကိုယ်ခံအားကောင်းတဲ့သူက ပြော သမျှကို ချင့်ယုံတယ်။ကိုယ့်အမျိုး သားအကျိုးစီးပွားကိုဦးစားပေး တယ်။ ရေရှည်ကိုကြည့်တယ်။ ကိုယ့်အတွက် အန္တရာယ်ရှိမယ် မှန်းသိသည့်တိုင် အမျိုးသား အကျိုးစီးပွားအတွက်ဆို အမုန်းခံတယ်။ ဒီတော့ မြန်မာနိုင်ငံမှာ   လူငယ်တွေအနေနဲ့ ကိုယ့်ကိုယ် ကိုယ်လည်းဖြည့်ဆည်းတည် ဆောက်ရင်း အမျိုးသားရေးကိုယ် ခံအားတွေကိုလည်းများများမွေး မြူ၊ အဲဒီလိုမွေးမြူနိုင်ကြဖို့ ပြည် တွင်းလူမှုရေးအဖွဲ့အစည်းတွေ၊ မီဒီယာတွေကလည်း ဝိုင်းဝန်း ပံ့ပိုးကူညီကြပါလို့ ဒီဆောင်းပါး ကတစ်ဆင့် တိုက်တွန်းနှိုးဆော်ပါရစေ။

Author: အောင်အောင်(IR)

7DAY DAILY

2 comments: